June 26, 2012

မစန္ဒာ

သူမ… နာမည်က စန္ဒာ… ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းခဲ့တဲ့ အမျိုးသမီးတစ်ယောက်… ပုံမှန်အတိုင်းပါပဲ… ကျောင်းတက်တယ်…ကျောင်းပြီးလို့ ဘွဲ့ရတဲ့အခါကျတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်တယ်… ဒီလိုနဲ့ ကုမ္ပဏီမှာ trainee တစ်ယောက်အနေနဲ့ အလုပ်ဝင်ခဲ့တယ်… ဒါနဲ့ trainee ဆိုတာ ကုမ္ပဏီက ဝန်ထမ်းအသစ်ပေါ့နော်… လုပ်ရမယ့်အလုပ်တွေကို ကုမ္ပဏီကပဲ အစစအရာရာ သင်ပေးရမယ့်သူကို ပြောတာပါ…

မစန္ဒာက ကျောင်းပြီးလို့ အလုပ်ဝင်စဆိုတော့ အလုပ်အကြောင်းလဲ သိပ်မသိသေးဘူးဗျ… Trainee ဆိုတော့ လခကလဲ များများမရသေးဘူး… ဒါပေမယ့် ကုမ္ပဏီက သူ့ကို အလုပ်မှာ လိုအပ်မယ့်အရာတွေကို training ပေးခဲ့တယ်… သူမလဲ သင်တန်းတော်တော်များများ တက်ခဲ့ရတယ်…ပြီးတော့ မစန္ဒာက အလုပ်ကြိုးစားတယ်ဗျ… ဒီတော့ ကုမ္ပဏီသူဌေးက သူမရဲ့ အလုပ်ကြိုးစားမှု၊ လုပ်ရည်ကိုင်ရည်နဲ့ တိုးတက်မှုတွေကို သဘောကျလာတယ်… သိပ်မကြာပါဘူး… မစန္ဒာ ရာထူးတိုးသွားတယ်.. လခလည်း တိုးသွားတယ်… နောက် ၂ နှစ်လောက်ကြာတော့ ရာထူးထပ်တိုးတယ်… ငါးနှစ်လောက်လဲ ရောက်ရော လူငါးယောက်ရှိတဲ့ department ကို ကြီးကြပ်ရတဲ့သူ တစ်ယောက် ဖြစ်လာရော…ဒီလိုနဲ့ ဘဝကို ဖြတ်သန်း လာတာ မစန္ဒာ အသက် ၂၅ လောက်လဲ ရောက်တော့ ပိုပြီးတော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အလုပ် တစ်ခု ကို လိုချင်လာရော… နိုင်ငံခြားကို သွားချင်တဲ့စိတ်ဖြစ်လာတယ် ပေါ့ဗျာ… ဒါနဲ့ ကုမ္ပဏီကနေ အလုပ်ထွက်လိုက်ပြီး နိုင်ငံခြားကိုသွားလို့ရတဲ့ တစ်ခြားအလုပ်တစ်ခုပြောင်းရှာခဲ့တယ်… သိပ်မကြာပါဘူး… တစ်လလောက် ကြာတော့ အလုပ်တစ်ခု ရခဲ့တယ်… ကံကလဲ ကောင်းတယ်ဗျ… ဒီခေတ်ကြီးမှာ အလုပ်တစ်ခုကို ဒီလောက် မြန်မြန်နဲ့ ရဖို့ဆိုတာ သိပ်လွယ်တာ မဟုတ်ဘူး… အပေါင်းအသင်း၊ အဆက်အသွယ် ကြောင့်လဲ ပါတာပေါ့ဗျာ… အလုပ် ရတဲ့ကုမ္ပဏီက International ကုမ္ပဏီ တစ်ခုမှာ ဗျ… အလုပ်ကလဲ နိုင်ငံခြားကို ခရီး တော်တော် များများ သွားရမယ်တဲ့… အစဆိုတော့ သူမလဲ ဒီလို ခရီးသွားရတာနဲ့ ပတ်သက်ပြီး အတော်လေး စိတ်လှုပ်ရှားမိတာပေါ့…ပြီးတော့ခရီးထွက်ရတာကိုလဲ ကြိုက်တာပေါ့ (နိုင်ငံခြားကို သွားရတာဆိုတော့)…
ဒါပေမယ့်…ခြောက်လလောက် ကြာတော့ မစန္ဒာ ခရီးသွားရ တာကို သိပ်မကြိုက်တော့ဘူး ...ငြီးငွေ့ လာတယ်... နိုင်ငံရပ်ခြား ခရီးသွားတယ်ဆိုတာ နေရတာက ဟော်တယ်မှာချည်းပဲ ဆိုတော့… တည်းမယ့်မြို့မှာ အမျိုးတွေ… သူငယ်ချင်းတွေ ရှိရင်တော့ တစ်မျိုးပေါ့လေ… မကြိုက်တာလေးတွေ များလာပြီးတော့ ဒီလိုနဲ့ပဲ အလုပ်မှာ အမှားအယွင်းတွေ ဖြစ်လာတယ်… အလုပ်ကို ကောင်းကောင်း မလုပ်နိုင်တော့ဘူး… အလုပ် လုပ်ချင်စိတ် တဖြည်းဖြည်း လျော့လာတာကြောင့်လဲ ပါတယ်.. တစ်နှစ်လောက် ကြာတော့ မစန္ဒာ အလုပ်ထုတ် ခံရတယ်… ဘဝဟာ အတော်လေး ခက်ခဲလာတာပေါ့… အလုပ်လက်မဲ့ ၉လလောက် ဖြစ်ပြီးတော့မှ စားသောက်ဆိုင်တစ်ခုရဲ့ မီးဖိုချောင်မှာ အချိန်ပိုင်းအလုပ်တစ်ခု ရတော့တယ်…
မစန္ဒာက စားသောက်ဆိုင်မှာ အလုပ်လုပ်ရတာကို အတော်လေး နှစ်ခြိုက်မိတယ်…အခုမှ သူမ လျှောက်လှမ်းရမယ့် ဘဝကို တွေ့လိုက်ရသလိုပါပဲ… အချက်အပြုတ်ကိုလည်း စိတ်ဝင်တစားနဲ့ သင်ဖြစ်တယ်… ၂နှစ်လောက်အကြာမှာတော့ အဲဒီစားသောက်ဆိုင်မှာ သူ့ခြေသူ့လက်ပဲ ဖြစ်လာတယ်… သူမဟာ စားသောက်ဆိုင် တစ်ဆိုင်ကို ဦးစီးအုပ်ချုပ် နိုင်လာတယ်…ဒီလိုနဲ့ ကိုယ်ပိုင်စားသောက်ဆိုင်လေး တစ်ဆိုင်ကို ဖွင့်ဖြစ်ခဲ့တယ်… တစ်နှစ်လောက်ကြာတော့ နောက်တစ်ဆိုင်… နှစ်၂၀လောက်ကြာတော့ စားသောက်ဆိုင် ၁၀ဆိုင် ပိုင်ရှင်ဘဝကို ရောက်လာပါတော့တယ်…
သူမ စားသောက်ဆိုင် ပိုင်ရှင်တစ်ယောက် ဖြစ်လာမှ သိလာတာ တစ်ခုကတော့ လူတစ်ယောက်ဟာ ဘဝမှာ အောင်မြင်၊ ကြီးပွားချင်ရင် မိမိဝါသနာနဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုကို ဇွဲကောင်းကောင်း နဲ့ လုပ်မှ ဆိုတာကိုပါ… လူငယ်ဘဝမှာ စိတ်ဝင်စားခဲ့တဲ့ အလုပ်တွေဟာ ကိုယ်လျှောက်လှမ်း ရမယ့် ဘဝနဲ့ ကိုက်ညီရဲ့လား… ကိုယ်ရဲ့ တစ်ကယ့်ဝါသနာလား ဆိုတာကိုတော့ဆန်းစစ်ဖို့လိုပါလိမ့်မယ်…အလုပ်လုပ်ရင်းအခက်အခဲနဲ့ တွေ့တဲ့အခါတတ်နိုင်သမျှ ပြေလည်အောင် ဖြေရှင်းပေးရမယ် ဆိုတာကိုလည်း အလုပ်လုပ်ရင်း ရတဲ့ အတွေ့အကြုံ အရ သိလာခဲ့ရပါတယ်… 
ပြီးခဲ့တဲ့နှစ် ၂၀၀၆ မစန္ဒာ အသက် ၅၀ မှာ အလုပ်ကနေ အနားယူခဲ့ ပါတယ်… လူချမ်းသာတစ်ယောက် အနေနဲ့ပေါ့….

No comments:

Post a Comment