Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

May 29, 2007

မနက်အာရုဏ်တက်နာရီစက်သံက
တစ္ဆေညည်းသံလို အေးစက် …
နေ့သစ်ရဲ့အလင်းတန်းတွေကလည်း
တစ္ဆေရဲ့လက်ချောင်းတွေလို ကုတ်ဖဲ့ …
ညကယုဇနပန်းနံ့တွေလည်း
ဘယ်သံစဉ်နောက်ကောက်ကောက်ပါအောင်
လိုက်သွားလဲမသိ

ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ ၀င်သက်ထွက်သက်ကို
အင်အားမဲ့သက်ပြင်းတွေက
မီးလောင်ရာလေပင့်နေသယောင် …
လျော့တိလျော့ရဲအာရုံထဲက
တင်းတင်းရင်းရင်းအလှတွေကလည်း
အပြေးအလွှား …
ဆည်းဆာချိန်ကိုခုန်အုပ်ချင်တဲ့ ဆန္ဒကလည်း
လည်ဆံမွှေးတဖွားဖွားနဲ့ …

မျှော်လိုက်ရတာ ညနေပျိုရယ်
အိပ်မက်တွေပုပ်သိုးကုန်မှဖြင့် ခက်လှရော့မယ်
သန်းခေါင်မတိုင်ခင် သူတို့ကိုထုဆစ်ရဦးမယ်လေ
သူရိန်ရဲ့ကိုယ်ရောင်ကိုယ်ဝါကို ငါမခံနိုင်တာလည်း
မင်းသိသားနဲ့ …
ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ငါ့ရင်ခွင်ကို မွမ်းမံဖို့
ကြယ်တစ်ပွင့် သေသေချာချာလင်းနေရမယ်လေ … ။ ။


အယ်မှူးကို

‘အလွမ်း’

အစိမ်းသက်သက် တိုက်ခတ်ခဲ့တာပဲ

မုသာဝါဒ မပါဘူးဆိုတာကိုတော့

ငါ ရဲရဲတင်းတင်းကြီးကို

စီးဆင်းဝံ့ပါတယ်

ပန်းခင်းထဲ ခေါက်တုန့်ခေါက်ပြန်လျှောက်ရုံနဲ့

ငါ မွှေးမလာဘူးဆိုတာကိုတော့

သိထားခဲ့ပါရဲ့

အဲဒီ အဆိပ်ခွက်

ငါ့အတွက်မှဟုတ်ရဲ့လား

မဖိတ်မစင်လွဲခဲ့တဲ့

ဆုတံဆိပ်မှာ

အသားများများမှ ညှပ်ထားရဲ့လား

ငါမသေချာပါဘူး ဆိုတာကို

ဘယ်သူသေသေချာချာသိသလဲ …

…………….

ငါ မသေချာဘူး ။ ။

အယ်မှူးကို

လမင်း၏အလင်းရောင်အား မလွှမ်းခြုံမှီ

ကျွန်ုပ်အား ညတစ်ညဖြစ်ခွင့် အရင်ပေးပါ

နှလုံးသည်းပွတ်မှလာသော ဆိတ်ငြိမ်ခြင်းဖြင့်

သင်တို့၏အိပ်စက်ခြင်းအား

ကျွန်ုပ်စောင့်ရှောက်မည်

လဲလျောင်းကြလော့ …

စဉ်းလဲသူတို့၏မျက်ရည်ဖြင့်

ကျွန်ုပ်၏ရင်ခွင်အား သစ်လွင်စေမည်

သင်တို့၏ဆန္ဒများအား စွန့်ပစ်ခဲ့ကြပါ

မနက်ဖြန်ရွာသောမိုးသည် သင်၏မျက်ရည်မဖြစ်စေလို

ကျွန်ုပ်၏ချစ်ခြင်းအားဖြင့်

သင်တို့၏ညစာတွင်

ဗန်ဂိုး၏နားရွက်ဖြင့် တည်ခင်းဧည့်ခံမည်

ကျွန်ုပ်၏ရင်ခွင်သည်ကမ္ဘာဖြစ်သည်

လဲလျောင်းကြလော့ … ။ ။

အယ်မှူးကို

နှုတ်ဆိတ် …

ကြိတ်မှိတ် …

ငါတိတ်တိတ်လေး နေပါ့မယ်

ကဗျာရွတ်သံ …

ပန်းတွေပွင့်တဲ့အသံ …

ငါ့အကြည့်တွေရဲ့အသံကို

မင်းနားမလည်မချင်း

နှုတ်ဆိတ်ကြိတ်မှိတ်

ငါ …

တိတ်တိတ်လေးနေပါ့မယ် ။ ။

အယ်မှူးကို
ငါ့အတွက်တော့

ဘဝဆိုတာ ပျင်းစရာကောင်းတဲ့

ပြဇာတ်တစ်ပုဒ်ပါပဲ

ဘယ်မှာမှမြစ်ဖျားမခံခဲ့ဘဲနဲ့

ခုချိန်ထိ …

ငါ စီးဆင်းနေရ

အိပ်စရာရှာရင်း …

စားစရာရှာရင်း …

မှားစရာရှိတာတွေ မှားရင်းနဲ့

သံချောင်းခေါက်သံ ဆယ့်နှစ်ချက်ထက်

ငါ့ဘဝ ညဥ့်နက်နေခဲ့ရတယ် ။ ။

အယ်မှူးကို

May 28, 2007

အချောအလှများလှ တက္ကသိုလ်မဟာ

စိတ်ကြိုက်ရှာကြပါ။

တွေ့သူတွေမှာ အတွဲတွေနဲ့ကွာ

ပျော်ကြရတာဗျာ။

မတွေ့သူလည်း မလျှော့ဇွဲနဲ့

ကြိုးစားကြရမှာ
ကြိုးစားပါ ကြိုးစားပါ။ ။

ဒီကဗျာကတော့ ကျွန်တော် တက္ကသိုလ် ပထမနှစ် ကျောင်းကိုရောက်ပြီး သိပ်မကြာခင် ရေးဖြစ်ခဲ့တာပါ။ ကျောင်းမှာ လူအများကြီးကို တွေ့ပြီး ခံစားမိခဲ့တဲ့ အကြောင်းကို ရေးခဲ့တာပါပဲ။ တက္ကသိုလ်ကျောင်းမှာ ပထမဆုံး ရေးဖြစ်တဲ့ ကဗျာလေးပါ။