Showing posts with label Nargis and Donation. Show all posts
Showing posts with label Nargis and Donation. Show all posts

June 4, 2008

နာဂစ်မုန်တိုင်းနှင့် အလှူဒါန

နာဂစ်ဝင်လိုက်တာနဲ့ ဘလော့ဂ် ရေးချင်စိတ်တွေ သိပ်မရှိတာနဲ့ ပို့(စ်) မတင်ဖြစ်တာပါ... နာဂစ်မုန်တိုင်းနဲ့ ပတ်သက်ပြီး လှူဒါန်းချင်ရင် ကိုညီလင်းဆက် တို့ အဖွဲ့ နဲ့ ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်... လိပ်စာကတော့ http://nyilynnseck.blogspot.com ပါ... ဒီနာဂစ်မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံထဲကို မေလ ၂ ရက်နေ့ မှာ ဝင်လာပါတယ်... မေလ ၃ ရက်နေ့ ကတော့ မုန်တိုင်း အပြင်းထန်ဆုံးပါ... မုန်တိုင်းလာမယ်ဆိုတာကို နိုင်ငံခြားကလူတွေက အတော်စိုးရိမ်နေကြပေမယ့် ကျွန်တော်တို့ ဗမာလူမျိုးတွေကတော့ အေးအေးဆေးဆေးပါပဲ... အတော်များများကတော့ မုန်တိုင်းရှိမှန်းတောင် မသိကြပါဘူး... ဖြစ်မယ့် နေ့မှ သိကြတဲ့ လူတွေ များပါတယ်...information spread ဖြစ်မှုများ… ဖြစ်ပြီးတော့လည်း အကူအညီတွေက အရမ်းရ... မုန်တိုင်းတိုက်ပြီးစ လမ်းတွေပိတ်နေချိန်မှာ ကိုယ့်အိမ်ကိုယ်ရှင်း ကိုယ့်လမ်းကိုယ်ရှင်း ပါပဲ... ဘယ် စစ်သား ဘယ် ရဲ ဘယ် စည်ပင် ကမှ လာပြီး မရှင်းပေးပါဘူး... ဈေးတက်ချက်ကတော့ ကမ်းကုန်ပဲ... အဲဒီအချိန် ပိုက်ဆံမရှိတဲ့သူတွေ ဘယ်လို နေရမှန်းတောင် သိမှာ မဟုတ်ဘူး... အခုတော့ ဈေးက အတော် ငြိမ် နေပါတယ်... နိုင်ငံခြားကလူတွေက လှူချင်တာတောင် ခခယယနဲ့ လှူနေရတယ်... ကျွန်တော်တို့ အကူအညီပေးပါရစေ ဆိုပြီးတော့... ဒါတောင် သိပ်လက်မခံချင်ဘူး... UN ဝင်လာလို့သာ လက်ခံတာ... အခု မုန်တိုင်းဒဏ်မိသွားတဲ့ ဧရာဝတီတိုင်းက ရွာတွေကလူတွေဆို တော်တော်လေးကို ဒုက္ခကြီးမယ်... စားစရာကမရှိ... နေစရာက နတ္ထိ... အစိုးရကတော့ လှူနေတယ်လို့တော့ ပြောနေတာပဲ... ဒါပေမယ့် ဒုက္ခသည်တွေဆီက တကယ်ရောက်မရောက်တော့ မသိပါဘူး... သိသလောက်ကတော့ ဝိုက် မှာပါပဲ... ဒုက္ခသည်တစ်ချို့ဆိုရင် တောင်းတောင် စားနေရတဲ့ဘဝတွေ ရောက်နေတယ်လို့ သိရပါတယ်… ကျွန်တော်တို့ မြန်မာလူမျိုးဆိုတာ တောင်းစားရမှာ အင်မတန်ရှက်တဲ့ လူမျိုးတွေပါ… အခုတော့ အင်မတန်ရှက်တဲ့ အလုပ်တွေက လုပ်နေရပါပြီ… တစ်ဆင့်စကားနဲ့ ကြားရတာကတော့ လူတစ်ယောက် မုန်တိုင်းဖြစ်ပြီးစ လပ်ပွတ်တာ ဘက်ကို ဆွေမျိုးတွေအကြောင်းသွားစုံစမ်းတာ လမ်းမှာ အင်္ကျီမပါတဲ့ လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ကို လဘက်ရည်ဆိုင်တစ်ဆိုင်ရဲ့ ရှေ့နားမှာ တွေ့တယ်တဲ့… သူတို့က လဘက်ရည်ဆိုင်လေးကို ငေးကြည့်ပြီးတော့ ထိုင်နေကြတာတဲ့… သူတို့ ပုံစံက ဗိုက်အတော်လေး ဆာနေပုံတဲ့ဗျာ… ဒါပေမယ့် ဆိုင်ထဲကို ဝင်ပြီးတော့ တောင်းမစားပါဘူး… အဲဒါ ဆွေမျိုးတွေ သွားစုံစမ်းတဲ့လူလည်း သူ့ရဲ့အင်္ကျီကို ချွတ်ပြီး လှူခဲ့တယ် လို့ ဆိုပါတယ်… နိုင်ငံခြားက လှူတဲ့ ဒေါ်လာ သန်းပေါင်းများစွာတန် အကူအညီပစ္စည်းတွေဟာ ဘယ်ရောက်ကုန်ပါလိမ့် လို့ စဉ်းစားမိပါတယ်… ဒီအချိန်မှာတော့ ဟိုနိုင်ငံက အကူအညီ လက်မခံတာတို့၊ ဒီနိုင်ငံက အကူအညီမှ လက်ခံမယ် ဆိုတာမျိုးတွေတော့ မလုပ်သင့်တော့ပါဘူး… ကိုယ့်နိုင်ငံကို ကူညီနိုင်မယ်ဆိုရင် ပြီးတာပါပဲ… ဘယ်သူပဲဖြစ်ဖြစ်ပေါ့ဗျာ… စာနာစိတ်နဲ့ ကူညီတာပဲ… မုန်တိုင်းပြီးလို့ ထိုက်သင့်တဲ့ ကယ်ဆယ်ရေးတွေ မလုပ်နိုင်လို့လည်း တစ်ချို့လူတွေ မသေသင့်ဘဲ သေရပါတယ်… ဒီအလှူတွေကို လက်မခံတာလည်း အကုသိုလ် ကြီးပါတယ်… အလှူပစ္စည်းတွေကို ဝိုက် တာလည်း အကုသိုလ် ကြီးပါတယ်… ဒါကြောင့် ကိုယ်လှူတဲ့ အလှူ တကယ် ဒါန မြောက်အောင်လို့ ဒီ ဘလော့ဂ် လေးကို ညွှန်ပြလိုက်တာပါ... အတော်များများကတော့ သူ့ရဲ့ ဘလော့ဂ် ကို သိပြီးသား ဖြစ်မှာပါ... မုန်တိုင်းတိုက်လို့ ဒုက္ခရောက်နေရတဲ့ကြားထဲ မဲ သွားပေးရသေးတယ်... မဲ ကတော့ ကျွန်တော်တို့ မပေးခင်ကတည်းက ၉၂.၄ % ထောက်ခံမဲလို့ ကြေငြာထားတော့ သွား ပေး ပေး မ ပေး ပေး သိပ်တော့ မထူးပါဘူး... အခု နောက်ဆုံး မဲ စာရင်း ထုတ်ပြန်တာကတော့ ထောက်ခံမဲ ၉၂.၄၈ % လို့ ဆိုပါတယ်... ချည်ပြီး တုတ်ပြီး ပေါ့ဗျာ...